အဆိပ်သီး သို့မဟုတ် တညင်းသီး

ဆောင်းပါးရှင် တင်ထက်ထက်ဇော်

တညင်းသီး။
တညင်းသီးကို အင်္ဂလိပ်ဘာသာဖြင့် Djenkol Bean ဟုခေါ်ပြီး၊ ဆေးသိပ္ပံအမည်မှာ Pithecolobium –lobatum ဖြစ် သည်။ တညင်းသီးသည် မိုးဥတုတွင်လှိုင်လှိုင်ပေါ်တတ်သော ရာသီစာ အသီးတစ်မျိုးဖြစ်သည်။

စိုစွတ်သော တောင်ပေါ်ဒေသ များတွင် ပေါက်လေ့ရှိပြီး များသောအားဖြင့် ဧပြီလနောက်ဆုံးပတ် နှင့် မေလများတွင် ခူးဆွတ်လေ့ရှိသည်။ မြန်မာနိုင်ငံ၏ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင် နှင့် သံတောင်ကြီးဒေသမှထွက်ရှိသော တညင်းသီးက အရသာပို၍ စီးပိုင်လှသဖြင့် လူကြိုက်များသည်။ လေ့လာမှုမှတ်တမ်းများအရ တညင်းသီးကို မြန်မာတို့စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီဖြစ် ကြောင်းသိရသည်။

တညင်းသီး၏ ထူးခြားသော အစွမ်းသတ္တိတစ်မျိုးရှိသည်။ ၄င်းမှာ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် မရှိသူတို့ကို တညင်းသီး၏ စေးထန်း၍၊ ဖန်ပြီးစပ်သောအရသာတို့က လျှာပေါ်ရှိ အရသာဖုများကို နိုးကြားစေကာ စားချင်သောက်ချင်စိတ် ဖြစ် ပေါ်ခံစားလာစေနိုင်သည်။ ထို့ကြောင့်“တညင်းသီးကို အဘယ်အကြောင်းကြောင့် ကြိုက်နှစ်သက်ကြသနည်းဟူမူ နှုတ်မြိန်သော အစားအစာဖြစ်၍” ဟု ဆိုနိုင်ပါသည်။

တညင်းစားဖွယ်စုံ။

တညင်းသီးကို ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်(မီးအုံး)၍သော်လည်းကောင်း၊ တညင်းသီးနုနုကို ဆားရည်စိမ်၍ သော်လည်းကောင်း ငပိရည်အတို့အမြှုပ်အဖြစ်စားကြသည်။ တညင်းသီးပြုတ်ကို ဆီဆမ်းဆားဖြူး၍စားခြင်း၊ တညင်းသီးပြုတ် ကိုထောင်းထု၍ ၀က်သားဖြင့်ဆီပြန်ချက်ခြင်း၊ တညင်းသီးရင့်ရင့်ကို စိုစွတ်သော သဲတွင်နှစ်ထား၍ အစို့အညှောက် ထွက်လာ သည်အထိ တညင်းဝက်ပြုလုပ်ကာ ကြော်၍ (သို့မဟုတ်) မီးအုံး၍စားခြင်း၊ တညင်းသီးပြုတ်ကို ပါးပါးလှီး၍ လက်ဖက်သုပ်တွင် ထည့်စားခြင်း၊ တညင်းသီးပြုတ်ကို ခပ်ပါးပါးဖြစ်အောင် ထောင်းကြိတ်ကာ အုန်းနို့ဆမ်း၍ တညင်းသီးအုန်းနို့ဆမ်းအဖြစ် မြိန်ယှက် စွာ စားသောက်လေ့ရှိသည်။

တညင်းသီးအဆိပ်သင့်ခြင်း။

တညင်းသီးစားခြင်းကို ကျန်းမာရေးရှုထောင့်အရ လုံးဝ လက်မခံသင့်သော အစားအစာဖြစ်သည်။ တညင်းသီးတွင် လူကို အကျိုးပြုသော ဗီတာမင်ဓာတ် လုံးဝ ပါဝင်မှုမရှိဘဲ၊ ဒုက္ခပေးနိုင်သော Djenkolic အက်ဆစ် (ခေါ်) အဆိပ်ဓာတ် ၀.၃ ရာခိုင်နှုန်းမှ ၁.၃ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။

ထို့ကြောင့် တညင်းသီးဟာ အဆိပ်သင့်တတ်သော အစားအစာတစ်ခုဖြစ်သည်။ တညင်းသီး အဆိပ်သင့်ခြင်းကို ဆေးသိပ္ပံနည်းအရ Djenkilism ဟု ခေါ်သည်။ တညင်းသီးအဆိပ်၏ ဖွဲ့စည်းပုံမော်လီကျုးက အပ်ချောင်းပုံ လေးတွေကို ပုတီးကဲ့သို့သီထားသော ပုံသဏ္ဍာန်ဖြစ်ကာ၊ ရှည်လျားပြီး တစ်ခုနှင့်တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်သည်။

အစာ စားသောက်ခြင်းမှ လူသားတို့ခန္ဓာကိုယ်တွင်း ၀င်ရောက်လာသော အဆိပ်ကို အသည်းက ပျက်ပြယ်အောင်လုပ်ပေးလေ့ရှိပြီး၊ ကျောက်ကပ်၏တာဝန်မှာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးသည်။

သို့သော် တညင်းသီးပြီးသောအခါ ပါဝင် အဆိပ်တွေက သွေးထဲကို ဦးစွာရောက်ရှိသွားသည်။ ပြီးမှသာ အသည်းဆီသို့ ရောက်လာသည်။ အသည်းက ခန္ဓာကိုယ်ထဲရှိအဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်သော်လည်း တညင်းသီးမှာပါရှိသော အဆိပ်ကို ပျက်ပြယ်အောင် မစွမ်းဆောင်နိုင်ပေ။

ထိုအခါ အဆိပ်များကို ကျောက်ကပ်က စွန့်ထုတ်ဖို့ ကြိုးစားရသည်။ သို့သော် တညင်းသီးအဆိပ်မော်လီကျုးများ တည်ဆောက်မှုပုံစံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်သည်။ ထို့ပြင် အပ်ချောင်းပုံ အဆိပ်မော်လီကျုးတွေ၏ ထိုးစိုက်မှုကြောင့် သွေးကြောလေးတွေ ပေါက်တတ်သည်။ သို့ဖြစ်ရာ ဆီးထဲသွေးပါခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်း စသည်တို့ဖြစ်ပေါ်ခံစားရသည်။ အဆိုးဆုံးသောအခြေအနေတွင် ဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝ သွားမရဖြစ် လာပါလိမ့်မည်။

ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်သဖြင့် တင်းလာပြီး မခံမရပ်နိုင်အောင်နာကျင်လာမည်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှု မခံယူပါက အသက်သေဆုံးနိုင်ပါသည်။ ထိုဖြစ်စဉ်ကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) ဟုခေါ်သည်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နှင့် အချိန်မီ ကုသနိုင်မှသာ အမြန်ဆုံးသက်သာနိုင်လိမ့်မည်။

မြန်မာနိုင်ငံနှင့် တညင်းသီးအဆိပ်သင့်ပြဿနာ။

တညင်းသီးပေါသော စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင် နှင့် သံတောင်ကြီးဒေသတွေမှာ တညင်းသီး အဆိပ်သင့်မှု အများဆုံးတွေ့ရသည်။ မိုးရာသီတွင် အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှု ရှိကြသည်။ အထူးသဖြင့် အဆိပ်သင့်သောအခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူနိုင်ပါက သေဆုံးဖို့အခွင့်အ လမ်း ပိုများသည်။

အန္တရာယ်ဖြေလျော့၍ စားသုံးနည်း။

တညင်းသီးသည် ကျောက်ကပ်ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများလှသော်လည်း၊ မစားရမနေနိုင် ခံတွင်းတွေ့ သူများအတွက် အန္တရာယ်ဖြေလျော့ စားသုံးနည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြပေးလိုပါသည်။

· တညင်းသီးကို မီးဖုတ်၍ (လုံးဝ) မစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် တညင်းသီးအဆိပ်က မီးအပူချိန် ၃၀၀ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ဓာတ်ပြယ်ပျက်စီးနိုင်သည်။ ရေဆူမှတ်သည် ၁၀၀ ဒီဂရီစင်တီဂရိတ် မျှသာရှိ၍ ဓာတ်ပျက်ပြယ်နိုင်စွမ်း မရှိပေ။ အကယ်၍ မီးဖုတ်၍စားသည့်အခါ အဆိပ်တွေက ဓာတ်လည်းမပြယ်၊ အပြင် လည်း မရောက်တော့ဘဲ ၁၀၀ ရာခိုင်နှုန်းပြည့် ခန္ဓာကိုယ်တွင်းရောက်ရှိနေပြီး ဒုက္ခကြီးစွာ ပေးပါတော့သည်။

· တညင်းသီးတွင်ပါရှိသော အဆိပ်ဓာတ်များက ရေဖြင့်ပြုတ်သောအခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်နိုင်ပါ။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများဖြင့် ပြုတ်ပေးရပါမည်။ ပြုတ်ပြီးသောရေတွေကို သွန်ပစ်ပြီး ရေ အသစ်နှင့် ထပ်မံပြုတ်ပါ။ ထိုမှသာ အန္တရာယ်တော်တော်များများ လျော့သွားနိုင်ပါလိမ့်မည်။

· မြန်မာဆေးကျမ်းတစ်စောင်ဖြစ်သော “ ဇီဝိတဆေးကျမ်း ” တွင် တညင်းသီးသည် အခိုးအနံ့ပြင်း၊ အဆိမ့်များ၏။ ဝါယောဓာတ်သွားရန် အာကာသရ၍ ပထဝီဓာတ်ကို ဖြစ်စေ၏။ မပူလွန်း၊ မအေးလွန်း မျှတသော တေဇောဓာတ် ရှိ၏ ဟုဆိုထားသည်။ ထို့ကြောင့် တညင်းစားမိ၍ ပိတ်သော အာကာသဓာတ်များကို ပြန်ဖွင့်စေဖို့အတွက် –

(က) တညင်းသီးစားသောအခါ ရှောက်ရွက်ဖြင့် ရော၍ တို့မြှုပ်စားပေးပါ။

( ခ) တညင်းသီးပြုတ်သောအခါ သကြားအနည်းငယ် နှင့် ရှောက်ရွက်ထည့်၍ ပြုတ်ပါ။

· တညင်းသီးအဆိပ်သည် ဆားရည်တွင်အလွယ်တကူ ပျော်ဝင်နိုင်သည်။ ထို့ကြောင့် တညင်းသီးစားသုံးနည်း မျိုးစုံ အနက် ဆားရည်စိမ်စားခြင်းက အဆိပ်တွေကို အတော်အတန် လျော့နည်းသွားသဖြင့် အန္တရာယ်အနည်းဆုံး ဟု ဆိုနိုင်ပါသည်။

ခြွင်းချက်။

တညင်းသီးက ကျောက်ကပ်ကို လွန်စွာဆိုးကျိုးပြုစေသည် မှန်သော်လဲ၊ တညင်းသီးကြိုက်သူများအတွက် အဆိုးထဲက အကောင်းဆိုသလို သတင်းကောင်းတစ်ခု ရှိနေပါသည်။ လူသိနည်းသော သတင်းကောင်းဟု ဆိုရမည်။ မြန်မာ့ဆေးကျမ်း တစ် စောင်ဖြစ်သော “ ဆေးအဘိဓာန် ” တွင် တညင်းသီးသည်ကား သလိပ်အားကြီးသော် လည်းကောင်း၊ လေအားကြီးသော် လည်း ကောင်း၊ သည်းခြေဆာလောင်သော် လည်းကောင်း၊ အပူနှင့်တကွဖြစ်သော အပုပ်နာကို သော်လည်းကောင်း၊ ပါဒရက် ခြေက တက်သော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ ဟုဆိုထားသည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရောဂါသည်များ၊ လေနာရော ဂါသည်များ၊ စိတ်မတည်မငြိမ် ဖြစ်နေသူများအတွက် တညင်းသီးက သင့်တင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဘေးထွက်ဆိုးကျိုး များလှသော တညင်းသီးကို ရှောင်နိုင်လေ ကောင်းလေဖြစ်ပါသည်။

ဘေးဖြစ်စေသော တညင်းသီး။

ဆေးသိပ္ပံနည်းအရ PH များလေ ပျော်ဝင်မှု Solubility များလေဖြစ်သည်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီး စား ပြီးသောအခါ ခံတွင်းနံ၊ ဆီးနံ၊ ၀မ်း(မစင်)နံခြင်းတွေက ခန္ဓာကိုယ်တွင်း အဆိပ်တွေဝင်နေပြီဖြစ်ကြောင်း လက်တွေ့ဖော်ပြနေပါ သည်။ အထူးသဖြင့် မျက်စိနာနေချိန် တညင်းသီး လုံးဝ မစားသင့်ပေ။ သွေးတိုးရောဂါရှိသူများနှင့်လည်း မတည့်ပေ။ မကြာခဏ ၀မ်းချုပ်တတ်သူများအနေဖြင့် တညင်းသီး မစားသင့်ပေ။ ထို့ကြောင့် တညင်းသီးစားပြီးနောက် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို၊ ရေအိမ်(Toilet)ထဲမှာလည်း အနံ့ဆိုးပေးသော “အဆိပ်သီး” ကို အာသာငမ်းငမ်းစားသုံးခြင်းမှ ရှောင်ရှားသင့်ပါကြောင်း အကြံပြု လိုက်ရပါသည်။

မှတ်ချက်။

· တညင်းသီးစားသောအခါ အသီးညှာကို ဖယ်၍ စားပါ။

· တညင်းသီိးကို မရှောင်နိုင်၍ စားသုံးမိသည့်အခါဖြစ်စေ၊ အုန်းနို့နှင့် ရောနှောချက်စားမိလျှင်ဖြစ်စေ စားပြီးပြီးချင်း သံပုရာရည်တစ်ခွက် သောက်သုံးရန်လိုအပ်သည်။

· တညင်းသီးစားပြီးနောက် ၀မ်းပုံမှန်သွားလျှင် ပြဿနာမရှိတတ်သော်လည်း၊ ၀မ်းချုပ်လေ့ရှိသူများက တညင်းသီး စားပြီးနောက် ၀မ်းပျော့ဆေး သောက်ပေးသင့်ပါသည်။

· တညင်းသီး နှင့် ဒူးရင်းသီးတို့ကို အချိန်ကာလမခြားဘဲ ဆက်တိုက်စားမိပါက အော့အန်တတ်သည်။

စေတနာများစွာဖြင့်

ဆောင်းပါးရှင် တင္ထက္ထက်ဇော် Tin Htet Htet Zaw ပေါက်ပေါက်