တင်တွေ၊ရင်တွေမဟုတ်ပဲ မိန်းကလေးတွေရဲ့ စွဲဆောင်မှုရှိတဲ့ တခြားအစိတ်အပိုင်း (၈) မျိုး

မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိမရှိဆိုတာကို တစ်ချို့က အဲဒီမိန်းကလေးရဲ့ တင်သားတွေ၊ ရင်သားတွေဖွံ့ဖြိုးမှု ရှိ၊မရှိဆိုတဲ့ အချက်နဲ့လိုက်ပြီး တိုင်းတာကြတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ် …။

ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေက မိန်းကလေးတစ်ယောက်ရဲ့ တကယ်တမ်းစွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းတွေတော့မဟုတ်သေးပါဘူး။ တစ်ချို့အလုံးအပေါက်ကြီးကြီးနဲ့ မိန်းကလေးတွေ ရုတ်တရက်ကြည့်ရင် လှသလိုထင်ရပေမယ့် သေချာကြည့်လိုက်ရင် မလှတော့ဘူး။ တစ်ချို့ကျတော့ ရုတ်တရက်ဆို မလှဘူးထင်ရပေမယ့် တစ်စိမ့်စိမ့်ကြည့်လေလေ၊ ပိုပြီးလှလာလေလေပဲ .. အကြည့်ခံတယ်ပေါ့ …။

တစ်ကိုယ်လုံးခြုံကြည့်ရင် မိန်းကလေးတစ်ယောက်ကို ပိုလှအောင်ပံ့ပိုးပေးထားတဲ့ အစိတ်အပိုင်းလေးတွေ အများကြီးရှိပါတယ်။ သိသလောက်ပြောရမယ် ဆိုရင် …

(၁) လက်မောင်း

မိန်းကလေးတစ်ယောက်ရဲ့ အလှတွေထဲမှာ လက်မောင်းလေးတွေလည်းအပါအဝင်ပါ။ သွယ်သွယ် ( ဒါမှမဟုတ် ) ခပ်ပြည့်ပြည့် လက်မောင်းလေးတွေပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ လက်ပြတ်အင်္ကျ ီလေးတွေ ဝတ်လိုက်တဲ့အခါ ပိုပြီးစွဲဆောင်မှု ရှိသွားတတ်ကြတယ် …။

(၂) သွားတက်လေးတွေ

အထူးတလည်ပြောနေစရာမလိုတဲ့ အချက်ပါ။ သွားတက်လေးတွေ ပေါ်အောင်ရယ်တတ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မလှရင်တောင် ချစ်ဖို့ကောင်းတဲ့ မိန်းကလေးအမျိုးအစားထဲ ပါတတ်ကြတယ် …။

(၃) ပါးချိုင့်

နောက်တစ်ချက်ကတော့ ပါးချိုင့်လေးတွေပါပဲ။ ဆံပင်ရှည်ရှည်၊ မြန်မာဆန်ဆန်ရင်ဖုံးလေးဝတ်ပြီး ပြုံးလိုက်တိုင်း ပါးချိုင့်လေးတွေပေါ်လာတတ်တဲ့ ကောင်မလေးတစ်ယောက် ဟာ ယောကျာ်းလေးတွေရဲ့ စိတ်ကူးထဲက မင်းသမီးလေးတစ်ပါးပါပဲ …။

(၄) မျက်လုံးဝိုင်းဝိုင်းလေးတွေ

ရှေးစာဆိုတွေ သတ်မှတ်ထားကြတဲ့ အလှအပစံတွေထဲ ဝိုင်းစက်စက် မျက်လုံးလေးတွေလည်း အပါအဝင်ပါ။ မျက်လုံးဟာ စိတ်ရဲ့ထွက်ပေါက်ဆိုသလို၊ စိတ်ထဲက ခံစားချက်မှန်သမျှဟာ မျက်လုံးမှာပေါ်နေတတ်တယ်။ ဝိုင်းစက်ပြီး ရွှန်းလဲ့နေတဲ့မျက်ဝန်းတစ်စုံအောက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ကျရှုံးဖူးတယ်မဟုတ်လား …?

( ၅ ) အနက်ရောင်ဆံပင်ရှည်ရှည်လေးတွေ

ဆံပင်ဒီဇိုင်းတွေဘယ်လိုပြောင်းလာလာ၊ ဆံပင်တွေကို ဘယ်လို ကာလာတွေပဲဆိုးဆိုး၊ နက်မှောင်ပြီး ပျော့အိနေတဲ့ ဆံပင်ရှည်လေးတွေကိုပိုပြီး နှစ်သက်တတ်တယ်ဆိုတာ ဝန်ခံလိုက်ပါ။ မြန်မာလူမျိုးဖြစ်နေတာကြောင့်လည်း အဲဒီလို နက်မှောင်ရှည်လျားတဲ့ဆံနွယ်တွေကို ကျွန်တော်တို့ မြတ်နိုးတတ်ကြပါသေးတယ်။ နောက်ပြီး မိန်းကလေးတွေထဲမှာ နက်မှောင်တဲ့ဆံနွယ်ရှည်ကြီးတွေနဲ့ မိန်းကလေးတစ်ယောက်က ပိုပြီး ထင်ပေါ်နေတယ်ဆိုတာ ငြင်းမရဘူးလေ …။

( ၆ ) ခါးသိမ်သိမ်လေး

မြန်မာဝတ်စုံလေးဝတ်လိုက်တိုင်း ခါးသိမ်သိမ်လေးဖြစ်နေတဲ့ ကောင်မလေးတွေကို (လှ၏မလှ၏ထား) ကျွန်တော်တို့ စက္ကန့်တော်တော်လေးကြာအောင် ငေးမောကြည့်တတ်ကြတယ်။ မိန်းကလေးတစ်ယောက်ရဲ့ စွဲဆောင်မှုရှိလွန်းတဲ့အလှအပစံတွေထဲမှာ သေးသွယ်သွယ်ခါးလေးတစ်စုံလည်း အပါအဝင်ပါပဲနော် …။

(၇) ခြေချောင်းလက်ချောင်းလေးတွေ

မိန်းကလေးတော်တော်များများရဲ့ လက်ချောင်း၊ ခြေချောင်းလေးတွေက သွယ်လျလျနဲ့လှလှလေးတွေများကြပါတယ်။ သွယ်လျပြီးသန့်ရှင်းနေတဲ့ခြေချောင်း၊ လက်ချောင်းလေးတွေဟာလည်း သူတို့ရဲ့အလှကို နောက် level တစ်ဆင့်ရောက်သွားစေတဲ့ အချက်တစ်ခုပါပဲ …။

(၈) နှုတ်ခမ်းဖူးဖူးလေးတွေ

နှုတ်ခမ်းနဲ့ပတ်သက်ပြီး အလှအပဆိုင်ရာ သတ်မှတ်ချက်တွေကတော့ အများကြီးမို့လို့ အနည်းနဲ့အများတော့ ဝိဝါဒကွဲနိုင်တယ်။ တစ်ချို့တွေက နှုတ်ခမ်းပါးပါးနဲ့မိန်းကလေးတွေကို အလှဆုံးလို့ထင်ကြတယ်။ ကျွန်တော်ကတော့ နှုတ်ခမ်းဖူးဖူး ( ထော်ထော် ) နဲ့မိန်းကလေးတွေက ပိုပြီးချစ်ဖို့ကောင်းတယ်လို့သတ်မှတ်ပါမယ်။ နှုတ်ခမ်းလေးစူပြီးဘာကိုအလိုမကျဖြစ်နေမှန်းမသိတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းတယ်လေ ..။

အလှအပနဲ့ပတ်သက်လို့ မြင်သလောက်ကတော့ အဲ့ဒီလောက်ပါပဲ။ ထပ်မံပြီးဖြည့်စွက်ချင်လည်းရပါသေးတယ်။ တစ်ခုရှိတာက အပေါ်က အချက်တွေအကုန်လုံး ( ဒါမှမဟုတ် ) တစ်ချို့တစ်ဝက်နဲ့ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဟာ အထက်တန်းကျောင်း၊ တက္ကသိုလ်ကျောင်းသားဘဝက ယေကျ်ားလေးတို့ရင်ထဲမှာ အတော်ကြာကြာနေရာယူခဲ့ဖူးတယ်ဆိုတာတော့ ကျွန်တော်ကျိန်းသေပေါက်ပြောလို့ရပါရဲ့ …။ ။