အဖျားနှစ်ခွဖြစ်နေတဲ့ဆံပင်တွေကို ညှပ်စရာမလိုဘဲ လုံးဝပြန်ကောင်းလာစေမယ့် နည်းလမ်း (၇) ခု

ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်အတွက်တော့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဆံပင်တွေက ပျက်စီးကြမ်းတမ်းနေတဲ့အခါ၊ အဖျားနှစ်ခွဖြစ်နေတဲ့အခါတွေမှာ ဆံပင်လည်း မရှည်နိုင်တော့သလို ဖွာလန်ပြီး မလှမပဖြစ်စေပါတယ်။ ခုဖော်ပြပေးမှာကတော့ ပျက်စီးကြမ်းတမ်းပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ညှပ်စရာမလိုဘဲ ပြန်ကောင်းလာစေမယ့် ဓာတုကင်းနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို ခေါင်းလျှော်တိုင်း အသုံးပြုပေးရမှာဖြစ်ပြီး သုံးပြီးတဲ့အခါ Dryer နဲ့မမှုတ်ဘဲ သဘာဝအတိုင်း အခြောက်ခံပေးပါ။

(၁) အုန်းနို့

အုန်းနို့အနှစ်ကို ယူပြီး ဆံပင်အရင်းကနေ အဖျားအထိ ရွှဲနေအောင်လိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ Shower cap နဲ့ အုပ်ပြီး ၂နာရီကြာအောင် နှပ်ထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

(၂) ကြက်ဆူဆီ

ကြက်ဆူဆီကို အုန်းဆီနဲ့ရောပြီး ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးလိုက်ပါ။ Shower cap နဲ့ အုပ်ပြီး ၂နာရီကြာအောင် နှပ်ထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

(၃) ပျားရည်
ပျားရည်၊ နွားနို့၊ အုန်းနို့တို့ကို ဆတူရောစပ်ပြီး ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးကာ ၂နာရီခန့် နှပ်ထားလိုက်ပါ။ ခေါင်းအဆီပြန်တတ်တဲ့သူဆိုရင်တော့ ဦးရေပြားကို မလိမ်းဘဲ အဖျားတွေကိုပဲ လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ သုံးနေကျခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေးလိုက်ရုံပါပဲ။

(၄) ကြက်သွန်နီရည်

ကြက်သွန်နီကို ထောင်းပြီး အရည်ညှစ်ပါ။ ရလာတဲ့ကြက်သွန်ရည် ၂ဆ၊ အုန်းဆီ ၁ဆ၊ သံလွင်ဆီ ၁ဆ ရောစပ်ပေးလိုက်ပါ။ ရလာတဲ့ အရည်ကို ဦးရေပြားနဲ့ ဆံပင်အနှံလိမ်းပြီး တစ်နာရီခန့် နှပ်ထားလိုက်ပါ။ ပြီးရင်တော့ သုံးနေကျ ခေါင်းလျှော်ရည်လေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

(၅) သံပုယိုရည်
ရေ တစ်လီတာ (ရေသန့်ဘူးကြီးတစ်ဘူး) ထဲကို သံပုယိုစိတ် ညှစ်ထည့်ပြီး သေသေချာချာ ခလောက်လိုက်ပါ။ ခေါင်းလျှော်ပြီးလို့ ရေနဲ့ဆေးအပြီးမှာ ရလာတဲ့အရည်ကို နောက်ဆုံးမှာ တစ်ခေါင်းလုံး ပြန်လောင်းလိုက်ပါ။ ပြီးရင်တော့ တဘက်လေးနဲ့ ခြောက်အောင် ညင်ညင်သာသာလေး သုတ်ပေးလိုက်ရုံပါပဲ။

(၆) ရှားစောင်းလက်ပပ်အနှစ်
ရှားစောင်းအနှစ် ၄ ဇွန်း၊ သံပုရာရည် ၂ဇွန်းတို့ကို သေသေချာချာ ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်မှာ လိမ်းပြီး တစ်နာရီလောက်နှပ်ကာ ဆေးကြောပေးလိုက်ပါ။

(၇) ငှက်ပျောသီး

ငှက်ပျောသီးမှည့်တစ်လုံးကို ချေပြီး ရလာတဲ့အနှစ်ကို ကြိုက်နှစ်သက်ရာ ဆီတစ်ဇွန်းရောပေးလိုက်ပါ။ ရလာတဲ့ အနှစ်ကို ဆံပင်မှာလိမ်းပြီး တစ်နာရီခန့် နှပ်ထားလိုက်ပါ။ ပြီးရင်တော့ သုံးနေကျခေါင်းလျှော်ရည်လေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

အထက်ပါ နည်းလေးတွေကို လက်တွေ့အသုံးချကြည့်လိုက်ရင် ပျိုမေတိုရဲ့ ဆံကေသာလေးတွေ အဖျားနှစ်ခွ ပျောက်ပြီး ပြန်လည်လှပသန်စွမ်းလာမှာပါနော်။