ခြေထောက်လေးတွေ လှပကျန်းမာနေစေဖို့ ခြေထောက်ဆေးစိမ်နည်း (၁၀)မျိုး

အလှအပနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရဖို့ဆိုရင် ဈေးကြီးတဲ့ spa သွားဖို့မလိုပါဘူးနော်။ ခြေထောက်ဆေးစိမ်တာကို အိမ်မှာ အလွယ်တကူ ရှာတွေနိုင်တဲ့ ပါဝင်ပစ္စည်းတွေနှင့်အတူ အသုံးစရိတ်နည်းနည်းဖြင့် ပြင်ဆင်နိုင်ပါတယ်။ ဒီကုစားနည်းတွေက သင့်စိတ်နဲ့ ခန္ဓာကိုယ်ပေါ်မှာ အားကောင်းတဲ့ သက်ရောက်မှု ရှိစေသလို တချို့ရောဂါတွေကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အိမ်မှာ ကိုယ့်ဘာသာ ခြေထောက်ဆေးစိမ်တဲ့အခါ ဓါတုပစ္စည်းထည့်သွင်းခြင်းကြောင့် ဖြစ်ပေါ်တဲ အရေပြားယားယံခြင်းအန္တရာယ်ကို လျော့ချပေးပြီး အကျိုးကျေးဇူးတွေ ပိုရနိုင်ပါတယ်။

၁။ ခြေထောက်တွေ ရောင်ရမ်းနေရင် ရေပူရေအေးစိမ်ပါ

ရေရဲ့ မတူညီတဲ့ အပူချိန်က ခြေထောက် သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။ ရေကအရမ်း ပူလွန်းတာ မဖြစ်ဖို့လိုပါတယ်။ ရေဇလုံ ၂လုံးကိုယူပါ။ ပထမဇလုံထဲမှာ ရေပူတစ်ဝက်ဖြည့်ပြီး ဒုတိယဇလုံထဲမှာ ရေအေးတစ်ဝက်ဖြည့်ပါ။ ရေပူထဲမှာ ခြေထောက်တွေကို ၁၀မိနစ် စိမ်ပြီး ရေအေးဇလုံထဲမှာ ၁၀-၁၅မိနစ်လောက် ထပ်စိမ်ပါ။ နောက် ရေပူထဲကို ပြန်စိမ်ပါ။

၂။ ခြေထောက်အနံ့ဆိုးတွေကို ဖယ်ရှားချင်ရင် Aromatic citrus စိမ်ပါ

ချွေးနဲ့ မကောင်းတဲ့ အနံ့ဆိုးတွေကို တိုက်ဖျက်ပေးယုံသာမဟုတ်ဘဲ ခြေထောက်ကိုက်တာတွေပါ သက်သာစေပါတယ်။ခြေထောက်စိမ်ဖို့အတွက် ရေနွေးနွေးထဲမှာ လီမွန်တစ်လုံး၊ သံပုရာတစ်လုံးနင့် လိမ္မော်တစ်လုံးထည့်ပါ။ peppermint oil ၄စက်၊ tea tree oil ၄စက်၊ မုန့်ဖုတ်ဆိုဒါ ၃ဇွန်း ထည့်ပါ။ နာရီဝက်လောက် ခြေထောက်တွေကို စိမ်ပေးပါ။

၃။ စိတ်ဖိစီးမှု သက်သာစေဖို့ ယူကလစ်ဆီ စိမ်ပါ

ဒီspaက သင့်ကို စိတ်တည်ငြိမ်စေပြီး relaxed ဖြစ်စေတာကို ခံစားရပါလိမ့်မယ်။ ရေနွေးနွေးထည့်ထားတဲ့ ခွက်ထဲမှာ Epsom ဆားအနည်းငယ်နှင့် ယူကလစ်ဆီ ၁၀စက် ၁၂စက်လောက်ထည့်ပါ။ မိနစ် ၂၀-၃၀ လောက် ခြေထောက်တွေကို စိမ်ထားပေးပါ။

၎။ အလုပ်ပင်ပန်းတဲ့အခါ ဆေးဖက်ဝင်အရွက်တွေဖြင့် စိမ်ပါ

ဒီအိမ်သုံးဆေးတစ်လက်က အထူးသဖြင့် နာရီပေါင်းများစွာ ထိုင်ပြီး၊ လမ်းလျှောက်ပြီးနောက် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေကို စနစ်ကျစေဖို့ ကူညီပေးပါလိမ့်မယ်။ အသားအရေကို ကျန်းမာစေပြီး အဆိပ်အတောက်ကင်းစေပါလိမ့်မယ်။ မွှေးကြိုင်တဲ့ ဆေးဖက်ဝင် အရွက်တွေက သင့်စိတ်ပိုင်းဆိုင်ရာကို အံသြဖွယ်အလုပ်လုပ်သလို လုံးဝအပမ်းပြေစေဖို့ ကူညီပေးပါတယ်။

ရေနွေးနွေးထဲမှာ Epsom သို့ ပင်လယ်ဆား ၂ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ၁ဇွန်း၊ သံလွန်ဆီစစ်စစ် ၁ဇွန်း နှင့် (တရုတ်နံနံ, rosemary, သို့မဟုတ် ပူစီနံ ) ကဲ့သို့သော သင်နှစ်သက်ရာ ဆေးဖက်ဝင်အရွက်တွေထည့်ပါ။ ရေကို သန့်ရှင်းနေစေချင်ရင်တော့ အရွက်တွေကို ပိတ်ပါးစနဲ့ထုပ်ပြီး ထည့်နိုင်ပါတယ်။

၅။ ကြွက်သားနာကျင်တာကို သက်သာစေချင်ရင် လာဗင်ဒါနဲ့ ရေချိုးပါ

လာဗင်ဒါက သဘာဝအကိုက်အခဲပျောက်ဆေးအဖြစ် လူသိများပါတယ်။ ကြွက်သားနာကျင်တာတွေ၊ အဆစ်အမြစ်ကိုက်တာတွေကိုသက်သာစေပြီး မွှေးကြိုင်တဲ့ ရနံ့က သင့်စိတ်ကို တည်ငြိမ်စေပါလိမ့်မယ်။ရေနွေးနွေးထဲကို Epsom ဆားခွက်တစ်ဝက်၊ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၂ဇွန်း၊ လာဗင်ဒါဆီ ၆စက်ထည့်ပါ။ မိနစ် ၃၀လောက် ခြေထောက်တွေကို စိမ်ပေးထားပါ။

၆။ ခြေသည်းတွေ ဝါနေရင် သံပုရာရည်စိမ်ပါ

ဒီလန်းဆန်းတဲ့ စိမ်ရည်က ခြေသည်း/လက်သည်းတွေမှာ ဖြစ်တတ်တဲ့ အဝါရောင်အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ပါတယ်။ သံပုရာခြမ်းဖြင့်လည်း ခြေသည်းတွေကို တိုက်ရိုက်ပွတ်ပေးနိုင်ပါတယ်။ ရေထဲကို သံပုရာရည် ၁ဇွန်းခန့်ထည့်ပြီး ခြေချောင်းလေးတွေကို စိမ်ပေးထားပါ။

၇။ ရောင်ရမ်းမှုကို လျှော့ချဖို့ Epsom ဆားဖြင့် စိမ်ပါ

Epsom ဆားက နာကျင်မှုနှင့် ရောင်ရမ်းမှုတွေကို အကျိုးသက်ရောက်မှုကောင်းတွေ ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကို တိုးတတ်ကောင်းမွန်စေသလို သင့်ကို အပန်းပြေစေမယ့် ဆေးတစ်လက်လည်း ဖြစ်ပါတယ်။ရေနွေးနွေးထဲကို ဆား ၂ဇွန်း -၃ဇွန်းထည့်ပါ။ ၁၀မိနစ် ၁၅မိနစ်လောက် ခြေထောက်တွေကို စိမ်ထာပါ။ ဆားက အသားအရေ ခြောက်သွေ့စေတာကြောင့် ဒီနည်းလမ်းဖြင့် ပြုလုပ်ပြီးရင် အစိုဓါတ်ထိန်းခရမ်တစ်ခုခု လိမ်းဖို့ အရေးကြီးပါတယ်။

၈။ အသားအရေခြောက်သွေ့ရင် မုန့်ဖုတ်ဆိုဒါဖြင့် စိမ်ပါ

ရေနွေးနွေးထဲကို မုန့်ဖုတ်ဆိုဒါထည့်ပြီး စိမ်ခြင်းဖြင့် ခြေထောက်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒီကုသနည်းက လူတိုင်းအတွက် အကူအညီဖြစ်မှာ မဟုတ်ပါဘူး။ အထိခိုက်မခံတဲ့ အသားအရေ ရှိသူတွေ၊ ဓါတ်မတည့်သူတွေအတွက် ဒီ foot spa ကိုရှောင်သင့်ပါတယ်။ရေနွေးနွေးအပြည့်ထည့်ထားတဲ့ ဇလုံထဲမှာ မုန့်ဖုတ်ဆိုဒါ ၂ဇွန်း ၃ဇွန်းထည့်ပါ။ ခြေထောက်တွေကို ၁၀မိနစ်၊ မိနစ် ၂၀ လောက်စိမ်ပေးထားပါ။ ဒီနည်းလမ်းကို ပြုလုပ်ပြီးရင် အစိုဓါတ်ထိန်းခရမ် များများလူးပေးပါ။

၉။ ရည်ရွယ်ချက်မျိုးစုံအတွက် ရှာလကာရည်စိမ်ပါ

ပန်းသီးရှာလကာရည်က ခြေထောက်ခြောက်သွေ့တာ၊ အက်ကွဲတာ၊ ခြေထောက်အနံ့ထွက်တာနှင့် ခြေထောက်၊ ခြေကျင်းဝတ်ရောင်ရမ်းတာတွေကို မြန်မြန်သက်သာစေပါတယ်။ ရှာလကာရည်မှာ မှိုဆန့်ကျင်တဲ့ဂုဏ်သတ္တိကောင်းတွေရှိတာကြောင့် ခြေသည်းမှိုစွဲတဲ့ သူတွေ ပြုလုပ်လို့ရပါတယ်။အသားအရေခြောက်သွေ့မှု မရှိအောင် ရေအေးအေးကိုသုံးပါ။ ရေ၂ဆ၊ ရှာလကာရည် ၁ဆကို ရောပါ။ ခြေထောက်တွေကို ၁၀မိနစ် ၊ ၁၅မိနစ်လောက် စိမ်ပေးပါ။ ရှာလကာရည်ရဲ့ အနံ့ပြင်းပြင်းကို မကြိုက်ရင် သင်နှစ်သက်ရာ essential oils တစ်ခုခု ထည့်နိုင်ပါတယ်။

၁၀။ တောင့်တင်းမှုတွေကို လျှော့ချဖို့ သခွားသီးရည်စိမ်ပါ

ဒီအိမ်တွင်းကုသမှုက ခြေထောက်ရောင်ရမ်းတာ၊ တောင့်တင်းတာတွေကို ပျောက်ကင်းစေပါတယ်။ သခွားသီး တစ်လုံးကို အချပ်လိုက်လေးတွေ ပါးပါးလှီးပါ။ ခြေထောက်မှာ သခွားသီးချပ်တွေကို ကပ်ပြီး ပိတ်ကျဲစနှင့် ခပ်ဖွဖွ အုပ်စည်းပေးပါ။ သခွားသီးအရည်တွေ ခြောက်သွားတဲ့အထိ မိနစ် ၂၀- ၃၀လောက်နေမှ ဖယ်ရှားပေးပါ။ သခွားရည်နှင့် ရေအနည်းငယ်ကို ရောပြီး ခြေထောက်ကို လိမ်းပေးလို့လည်း ရပါတယ်။

ဆီးချို၊ နှလုံး ရောဂါရှိသူတွေ၊ သွေးပေါင်ကျသူတွေ၊ ဓါတ်မတည့်သူတွေ၊ အဆုတ်ရောဂါ အခြေအနေရှိသူတွေနဲ့ တခြားရောဂါအခြေအနေရှိသူတွေဟာ ဒီ foot baths တွေကို မလုပ်ခင် ဆရာဝန်တစ်ယောက်နှင့် အရင်ဆုံးတိုင်ပင်သင့်ပါတယ်။

LM_Nandar