ပေါင်၊ခြေသလုံးက အဆီတွေကျပြီး ခြေတံလေးကို သွယ်လျကျစ်လစ်စေမယ့် လေ့ကျင့်ခန်း(၅)မျိုး

ပျိုမေတို့ ခြေထောက်မှာ အဆီတွေ ရှိနေရင် စကတ်လေးတွေ၊ဘောင်းဘီလေးတွေ ဝတ်တဲ့အခါ အဆင်မပြေမှုလေးတွေဖြစ်တတ်ပါတယ်။ ခြေတံလေးတွေ သွယ်လျနေရင်တော့ ရှိရင်းစွဲအရပ်ထက် ပိုရှည်သယောင် ထင်ရပြီး ဘောင်းဘီ၊ စကတ် ဘာဝတ်ဝတ် အဆင်ပြေကြည့်ကောင်းပါတယ်။

ပြီးတော့ ခြေထောက်မှာ အဆီတက်တာက ဗိုက်နေရာမှာ အဆီတက်သလို သိပ်မသိသာပါဘူး။ ဒါကြောင့် ခြေထောက်ကအဆီတွေကျအောင် လုပ်ဖို့မေ့နေတဲ့ ပျိုမေလေးတို့အတွက် ခြေထောက်အဆီကျသွယ်လျစေမယ့် လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း (၁)

ခြေနှစ်ဖက်ကို ပခုံးအကျယ်ခွဲရပ်ကာ နံရံမှာကျောမှီရပ်ပြီးလက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပါ။ ဒူးကို ၉၀ ဒီဂရီရောက်အောင်ကွေးလိုက်ပြီး နဂိုအတိုင်း မတ်မတ်ပြန်ရပ်လိုက်ပါ။ အဲ့ဒါကို ၅ ကြိမ် လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

ကြမ်းပြင်ပေါ်မှာ ဘေးတစောင်းလဲလိုက်ပြီး လက်တစ်ဖက်က ခေါင်းကိုထောက်ထားပါ။ ခြေထောက်တစ်ဖက်ကို ဘေးဘက်မြှောက်လိုက်ပြီး ပြန်ချတာကို ၁၀ ကြိမ် လုပ်ပါ။ ဘယ်ညာတလှည့်စီလုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

ဘေးတစောင်းလဲပြီး တံတောင်ဆစ်ကိုကွေးကာကြမ်းပေါ်ထောက်ထားပေးပါ။ ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး နောက်တစ်ဖက်ကို ကွေးပြီး ဆန့်ထားတဲ့ခြေထောက်ရဲ့အရှေ့မှာ ထားပါ။ ဆန့်ထားတဲ့ခြေထောက်ကို အပေါ်ဘက်မြှောက်ပေးပြီးပြန်ချပေးတာကို ၁၀ ကြိမ် လုပ်ပေးပါ။ ဘယ်ညာတလှည့်စီ လုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

ကြမ်းပြင်မှာ လှဲအိပ်ပြီး လက်နှစ်ဖက်ကို ဘေးမှာဆန့်ချထားပါ။ ခြေထောက်နှစ်ဖက်ကို ၄၅ ဒီဂရီလောက်မြှောက်ပြီး ခြေထောက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ၊ ကတ်ကြေးညှပ်သလိုမျိုး ၁၅ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၅)

ခြေထောက်နှစ်ဖက်ကို ပခုံးအကွာအဝေးခွဲရပ်ပြီး လက်နှစ်ဖက်ကို ကွေးပြီး နားရွက်နောက်မှာထားပါ။ ဒူးကို ၉၀ ဒီဂရီကွေးလိုက်ပြီး ပြန်ထတဲ့အချိန်မှာ ခြေဖျားထောက်ပြီး ဆန့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်အချိန်နည်းနည်းပေးပြီး ပုံမှန်လေးလုပ်ပေးသွားရင် ပေါင်နဲ့ခြေသလုံးမှာရှိနေတဲ့ အဆီတွေကို ကျစေပြီး ကျစ်လစ်သွယ်လျတဲ့ ခြေတံလှလှလေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။